Local News

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၌ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်ကာ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲနှင့်ဈေးရောင်းပွဲတော်အား နိုဝင်ဘာလ (၁၇)ရက်နေ့မှ (၁၉) ရက်နေ့အထိ၊ နံနက်(၀၈:၀၀)နာရီမှ ညနေ (၁၈:၀၀)နာရီအထိ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင်ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲသို့ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်း၊ ကုန်စည်ဒိုင်၊ သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းနှင့် ဌာနဆိုင်ရာများမှ ပြခန်းပေါင် (၁)ခန်းပါဝင်ပြသခဲ့ပါသည်။

အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် မုံရွာခရိုင်မှ သစ်သားအချောထည်ပစ္စည်းများ၊ ပန်းချီ၊ပန်းပုရုပ်ထုများ၊ အဝတ်အထည်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ မုန့်မျိုးစုံ၊ ပဲကြာဆံ၊ ဂျုံခေါက်ဆွဲ၊ စားသုံးဆီ၊ ကျောက်စိမ်းနှင့်အင်ကြင်းကျောက်အချောထည်ပစ္စည်းအမျိုးမျိုး၊ စစ်ကိုင်းခရိုင်မှ ကျောက်စိမ်းအချောထည်ပစ္စည်းများ၊ ကြေးထည်ပစ္စည်းအမျိုးမျိုး၊ ဂစ်တာများ၊ ပလပ်စတစ်ပစ္စည်းအမျိုးမျိုး၊ ဂျုံခေါက်ဆွဲအမျိုးမျိုးနှင့် စက်မှုအမှတ်(၃) အကြီးစားလုပ်ငန်းနှင့်အထည်စက်ရုံခွဲ(စစ်ကိုင်း)မှ စတီးပစ္စည်းများနှင့်အထည်အလိပ်အမျိုးမျိုး၊ ရွှေဘိုခရိုင်မှ ရွှေဘိုပေါ်ဆန်းဆန်၊ ဆိပ်ခွန်ချည်ထည်အမျိုးမျိုး၊ ကျောက်မြောင်းစဉ့်ထည်ပစ္စည်းအမျိုးမျိုး၊ တိုင်းရင်းဆေးဝါးများ၊ ဖွဲနုလောင်စာတောင့်များ၊ တိရစ္ဆာန်အစာအမျိုးမျိုး၊ ရေဦးဝက်အူချောင်းများ၊ ကလေးခရိုင်မှ ချင်းရိုးရာအဝတ်အထည်များ၊ သစ်သားအချောထည်ပစ္စည်းများ၊ ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းနှင့် ကုန်စည်ဒိုင်ပြခန်းမှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပဲဆီ၊နှမ်းဆီ၊နေကြာဆီများ၊ သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ သနပ်ခါးနှင့်သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများနှင့် လာရောက်ပြသနိုင်ခြင်းမရှိသည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို ဌာနဆိုင်ရာများမှ  Trade Promotion ပြုလုပ်ပေးသည့်အနေဖြင့် ပူးပေါင်းပါဝင်ပြသပေးခဲ့ပါသည်။ 

အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသရခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်ကုန်ပစ္စည်းများအား အခြားတိုင်း/ပြည်နယ် ဒေသအသီးသီးသို့ ဈေးကွက်များချိတ်ဆက်များရရှိကာ ကျယ်ကျယ်ပြန့်ပြန့် ဈေးကွက်ရရှိမည်ဖြစ်ပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News